Center for Vocational Training (CVT) ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေ

ရန်ကုန် နိုဝင်ဘာ ၁၀ ရက်

၁။ ၁၀-၁၁-၂၀၁၈ ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် Center for Vocational Training (CVT) တို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနပိုင် မြေအကျယ် (၁.၂) ဧကပေါ်တွင် စာတွေ့လက်တွေ့ သင်တန်းခန်းမများပါဝင်သော လက်တွေ့ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီးအဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဆွဇ်ဇာလန်သံရုံး၊ ယာယီတာဝန်ခံ၊ Mr. Jurg Benz၊ Swiss Agency for Development and Cooperation CVT Myanmar မှ တာဝန်ရှိသူများ၊ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

၂။ ပြည်ထောင်စုဝန်ကြီးက နားလည်မှုစာချွန်လွှာအရ ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ် ထိ (၁၀) နှစ် သက်တမ်းဖြစ်၍ နှစ်ဖက်သဘောတူညီမှုဖြင့် နောက်တစ်ဆင့် ၅ နှစ် သက်တမ်းတိုးမြှင့်နိုင်ပြီး နောက်ပိုင်းတွင် ဝန်ကြီးဌာနက ဦးဆောင်မည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ ဘဝရပ်တည်ရေးအတွက် လိုအပ်သောအသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်မှုများကို လက်တွေ့သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အနာဂတ် ဘဝလုံခြုံမှုရှိစေနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်းတီထွင်ဖန်တီး နိုင်သောစွမ်းဆောင်ရည်ပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ခြင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသော အသိပညာနှင့် ကျွမ်းကျင်မှု များရရှိခြင်းဖြင့် Training Company များကိုပြန်လည် အကျိုးပြုစေနိုင်ခြင်း သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်းတို့ကြောင့်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေ၍ ရေရှည်တည်တံ့ခိုင် မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP) ကိုအကျိုးပြုရာရောက်မည်ဟု အမှာ စကားပြောကြားခဲ့သည်။

၃။ သင်တန်းကျောင်းကိုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် Center for Vocational Training (CVT) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိလူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိစေရန်အထောက်အပံ့ဖြစ်စေမည့် အသက်မွေးဝမ်း ကျောင်းအတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး၍ ဘဝမြင့်အိမ်ယာရှိဝန်ကြီးဌာနပိုင် မြေနေရာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၄။ CVT Myanmar၏လေ့ကျင့်ရေးစီမံကိန်းကိုဆွစ်ဇာလန်အစိုးရကိုယ်စားဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (SDC) က ၂၀၁၃ ခုနှစ်တွင်စတင်ပံ့ပိုးကူညီပေးခဲ့ပြီး အသက် မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများတွင် သက်မွေးပညာ နည်းပြ သင်တန်းများဖွင့်လှစ်၍ သင်တန်း တက်ရောက်လိုသူများကို ၃နှစ် သက်တမ်းရှိ စီးပွားရေးပညာ၊ လျှပ်စစ်ကျွမ်းကျင်မှု၊ ပရိဘောဂပြု လုပ်မှု၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှု အပြင်သတ္တု ပစ္စည်းထုတ်လုပ်မှုအတတ်ပညာသင်တန်း အပါအဝင် သင်တန်း ၅ မျိုးကို ပို့ချပေးလျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံကြက်ခြေနီရုံး တတိယထပ်၌ စာတွေ့သင်ကြား၍ မြောက်ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် မင်းဓမ္မလမ်းရှိ ပညာရေးဝန်ကြီးဌာနပိုင် ပညာရေး ရိပ်သာ၊ အသက်မွေးမှုအကြိုသင်တန်းကျောင်း (E4Y) တို့တွင် စာတွေ့၊ လက်တွေ့သင်တန်းများ ပို့ချနေကြောင်း၊ CVT Myanmar မှ အကောင်အထည်ဖော်နေသောအလုပ်သင် သင်တန်းသား စနစ် (Apprenticeship System) သည်သက်မွေးပညာလေ့ကျင့်ရေးနှင့် သင်ကြားရေးတွင် အရေးပါသော Dual Vocational Training System ကိုမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်၍ အကောင်အထည်ဖော်နေခြင်းဖြစ်ပြီးအောင်မြင်မှုများရရှိနေကြောင်းသတင်းရရှိသည်။

Center for Vocational Training (CVT) ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေး

Copyrights © www.gov.mm.All right reserved.