၂၀၁၆ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) ၂၀၁၆ ခုနှစ် လုပ်ငန်းဆောင်ရွက် မှု နှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနမှ ပြည်သူ့အတွက် ပထမရက် ၁၀၀ အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင်ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အဓိကထား ဦးစားပေးပြီးပြည်သူတို့အမှန်တကယ် လိုလားတောင်းတသည့်ပြည်သူ့အတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းစဉ်(၁၃)မျိုးကိုရွေး ချယ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များထဲမှ အလုပ်သမားရေးရာနဲ့ဆိုင်သော လုပ်ငန်းစဉ်(၇)မျိုး၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းစဉ် (၆) မျိုး တို့ကို သတ်မှတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊အစည်းအဝေးခေါ်ယူရသည့် ရည်ရွယ်ချက်အနေဖြင့် ရုံးချုပ်ကပဲညွှန်ကြားချက်များထုတ်၍မပြီးပဲ လက်အောက်ခံရုံးများ၏ လိုအပ်ချက်၊ အတွေ့အကြုံ၊ အကြံပြုချက်များအားနားထောင်ပြီး ဝန်ကြီးဌာန၏ လိုအပ်မှုများအား ပံ့ပိုးမှုများပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတစ်ခု၏ လုပ်ငန်းများ အောင်မြင်ရေးသည် ဌာနအကြီးအကဲများ၏ အတွေ့အကြုံစေတနာနှင့် သက်ဆိုင်ရာဥပဒေများအလိုက် ကျွမ်းကျင် လိမ္မာစွာဆောင်ရွက်တတ်မှုအပေါ်တွင် အများကြီးမူတည်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေများကို ထဲထဲဝင်ဝင် မိမိကိုယ်တိုင်သိရှိအောင် ဆောင်ရွက်သလို မိမိလက်အောက်ဝန်ထမ်းများ ကိုလည်း သိရှိစေရန်နှင့် မိမိနှင့်ဆက်ဆံရသည့် ဌာနဆိုင်ရာများ ပြည်သူများကိုလည်း သိရှိနားလည် အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သို့မှသာ သက်ဆိုင်ရာဒေသရှိ အစိုးရအဖွဲ့၊ အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုရရှိမည်ဖြစ်ကြောင်း၊

ယနေ့အချိန်အခါသည် အလုပ်သမားရေးရာကိစ္စရပ်များသည်အရေးကြီးလာပါကြောင်း၊ နိုင်ငံတော် ၏ ရည်မှန်းချက်တာဝန်များထဲတွင်လည်း အလုပ်အကိုင်ရရှိရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေးစသည့် အချက်များသည် အဓိကဦးတည်ချက်များဖြစ်၍ ယခင်အစိုးရလက်ထက်တွင်လည်း အဆိုပါဦးတည် ချက်များ ရည်မှန်းချက်များပါရှိခဲ့ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင်လည်းအဆိုပါ အချက်များ ပါဝင်ပြီးနောင်အစိုးရများလက်ထက်တွင်လည်း ပါရှိမည်ဖြစ်သောကြောင့် အလုပ်သမားရေးရာကိစ္စများ ဆောင်ရွက်နေကြသော မိမိတို့ဌာနများသည် အရေးပါသောဌာနများဖြစ်သည့်နည်းတူ ဝန်ထမ်း များအနေဖြင့် မိမိတို့၏စွမ်းဆောင် ရည်ပြည့်ဝမြင့်မားနေအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဦးစီးဌာနအလိုက် သင်တန်းများစဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ်သွားရမည် ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ပြည်သူကိုဗဟိုပြုရန်၊ ဥပဒေနှင့် အညီဆောင်ရွက်ရန်၊ ဆက်ဆံရေးပြေပြစ်ရန်နှင့် အချိန်နှင့်တပြေးညီ သတင်းမီဒီယာ များမှတဆင့်ပြည်သူသိရှိအောင်ဆောင်ရွက်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ဌာနတစ်ခုအောင်မြင် စေရေးဆောင်ရွက်ရာတွင် အထက်အောက်ဘေးဘယ်ညာ ဆက်ဆံရေးပြေပြစ်ရန်နှင့် အရည်အသွေး ပြည့်ဝပြီး ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး အချိန်ကိုက်ဆောင်ရွက်နိုင်ရေးသည်လည်း အထူးပင် အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီသီး ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့်အမြဲတမ်းအတွင်းဝန်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေး တင်ပြပြီးနောက်ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ်ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးတွင် အလုပ်သမားရေးရာဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ သတ်မှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Copyrights © www.gov.mm.All right reserved.