အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်းပွဲ ပြုလုပ်

၁၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ကနောင်ခန်းမ၌ ပြုလုပ်သည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းရေးတွေ့ဆုံညှိနှိုင်းပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားနှင့် လူမျိုးရေးရာဝန်ကြီး၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာန၊ အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တာဝန်ခံ အရာရှိများ၊ လှိုင်သာယာမြို့နယ် အတွင်းရှိစက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၅၆၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ယနေ့ ဆွေးနွေးပွဲသည် အငြင်းပွားမှုများကိုငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရာတွင် အခြေခံကျသည့်အဖွဲ့ ဖြစ်သောအလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအားလုံးတွင် ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီအလုပ်သမားများ၏ ရပိုင်ခွင့်များ ခံစားခွင့်ရရှိစေရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်ထုတ် စွမ်းအားတိုးတက်စေရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါပြီးကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေးကို ဖန်တီး ဖြစ်ပေါ်လာစေနိုင်ကြောင်း၊အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းဌာန များတွင် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)ကိုအလုပ်ရှင်က ဥပဒေနှင့်အညီဖွဲ့စည်းရန်နှင့်အလုပ်သမားဘက်က ဖြစ်စေ၊ အလုပ်ရှင်ဘက်က ဖြစ်စေမိမိတို့၏ နစ်နာချက်ကိုအဆိုပါ ဖွဲ့စည်းထားသည့် ညှိနှိုင်းရေး ကော်မတီသို့ တိုင်ကြား၍ဆွေးနွေးညှိနှိုင်းရန် ပြဋ္ဌာန်းထားပါကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)သည် အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားလာနိုင်သည့် အငြင်းပွားမှုများ၊ ပဋိပက္ခများကို လျော့နည်းစေနိုင်သည်သာမက နှစ်ဦးနှစ်ဖက်အကြား မိမိတို့၏ လိုလားချက်များကို ကနဦး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အငြင်းပွားမှုများမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ပြီးပြေငြိမ်းမှု ရရှိစေရေးအခြေခံကျသည့်အဖွဲ့ ဖြစ်သည့်အတွက် WCC ကိုမဖြစ်မနေ ဖွဲ့စည်းနိုင်ရေး တွန်းအား ပေးသည့် အနေဖြင့် လာရောက်၍ ပြောကြားဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းနိုင်ရေး အတွက် တွေ့ကြုံနိုင်သည့် အခက်အခဲများကို တက်ရောက်လာကြသည့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမှတ်(၉၀)၊ဧရာဝတီလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ရှိMr. Chung Fook Pui ပိုင်ဆိုင်သော BogardLingerie (Yangon) Ltd. လက်အောက်ရှိ BogardLingerie Myanmar Training Center သို့ သွားရောက်၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့၏ အထည်ချုပ်လုပ်သား အလုပ်အကိုင် (Garment Sewing Machine Operator) (Level-1) အတွက်လုပ်သား(၅၀)ဦး အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Copyrights © www.gov.mm.All right reserved.