အလုပ်ရှင်နှင့်အလုပ်သမား တို့အကြား အငြင်းပွားမှုများ ဖြစ်ပွားပါက ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၀

အလုပ်ရှင်နှင့်အလုပ်သမားတို့အကြားအငြင်းပွားမှုများဖြစ်ပွားပါက ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မည့် စည်းမျဉ်း စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီနှင့် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ တို့မှ ကော်မတီဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာ၌ အလုပ်ရှင်၊ အလုပ်သမား အကြား အငြင်းပွားမှုများဖြစ်ပွားပါက ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေပြဋ္ဌာန်း ထားပါကြောင်း၊ အငြင်းပွားမှုများဖြစ်ပွားပါက မြို့နယ်အဆင့်တွင် ဝန်ကြီးဌာန၏ မြို့နယ်အဆင့် တာဝန်ခံအရာရှိမှ အတွင်းရေးမှူးအဖြစ် ပါဝင်သော သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များဖြင့် ဖြေရှင်းပေးသည်သာမက အလုပ်သမားများက ဥပဒေပါရပိုင်ခွင့်ထက်ကျော်လွန်တောင်းဆိုခြင်းကြောင့် ပြေငြိမ်းမှုမရနိုင်သည့် အငြင်းပွားမှုများကိုပါ အတတ်နိုင်ဆုံးပြေလည်မှုရရှိစေရေးအတွက် ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများအနေဖြင့် right to strike လုပ်ဆောင်ခွင့်ရှိသော်လည်း သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိရန်လိုအပ်ပြီး စက်ရုံ ပြင်ပတွင် ဖြစ်ပွားသော သပိတ်စခန်းဖွင့်လှစ်မှုများ၊ ဆန္ဒပြမှုများသည် အလုပ်သမားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရသာ ခွင့်ပြုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် ဆန္ဒပြ၊ သပိတ်မှောက်မည်ဆိုပါက အလုပ်သမားအဖွဲ့အစည်းဥပဒေအရ သက်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်း နှင့်အချိန်ကာလတို့ကိုဖော်ပြ၍ သက်ဆိုင်ရာအလုပ်ရှင်နှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ထံသို့ ကြိုတင်အကြောင်းကြား၍ သပိတ်မှောက်ခြင်းပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေသည် သပိတ်မှောက်သည့် လမ်းကြောင်းပေါ်သို့ မရောက်ရှိစေရေးအတွက် ပြဋ္ဌာန်းထားသဖြင့် အငြင်းပွားမှုဖြစ်ပွားပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ခြင်းကို ခံယူရမည်ဖြစ်ပြီး သက်ဆိုင်ရာခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကိုကျေနပ်မှုမရှိမှသာ သက်ဆိုင်ရာဥပဒေအရ သပိတ်မှောက်ခြင်းပြုလုပ်ရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲ အလုပ်သမားဥပဒေများကို သိရှိလေးစားလိုက်နာရန် လိုအပ်သည့်အပြင် အလုပ်ရှင်များက ဥပဒေပါ ခံစားခွင့်များကိုမိမိတို့၏ အလုပ်သမားများအားအပြည့်အဝပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများအနေဖြင့်လည်း မိမိတို့၏ ရပိုင်ခွင့်များကိုဥပဒေနှင့်အညီ တင်ပြတောင်းခံရန် လိုအပ်ပါကြောင်း၊ ဆန္ဒပြမှုသပိတ်မှောက်မှုများဖြစ်ပွားလာပါက ကြန့်ကြာမှုမရှိစေဘဲ အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများရရှိရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် အလုပ်ရှင်၊အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ယနေ့ဖြစ်ပွားနေသည့် ဥပဒေနှင့်မညီသောဆန္ဒပြမှု (Illegal Strike) ဆိုင်ရာများ၊ ၎င်းနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် ဖြစ်ပွားလာပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Copyrights © www.gov.mm.All right reserved.